Tuesday, February 10, 2009

ကျိုက်ထီးရိုး ဘုရား၁ခေါက်..


ကျနော် `ရန်' ပါ..။
ကျနော်တို့ ၉တန်းစာမေးပွဲပြီးစလောက် ၂၀၀၀ ခုနှစ် လောက်က ကျိုက်ထီးရိုးဘုရား ကိုသွားလိုက်ကြသေးတယ်..။
မိဘတွေကလဲ အချင်းချင်းသိနေကြပြီုဆိုတော့ အားလုံးစိတ်ချပြီးတော့ လွှတ်လိုက်ကြတယ်..။
အဓိက ကတော့ ၁၀တန်းဖြေရမဲ့ ကျနော်တို့အတွက်ဆုတောင်းခဲ့ကြဆိုတဲ့ရည်ရွယ်ချက်လဲ
ပါပါတယ်..။

အဲဒါနဲ့ ၆ယောက်သားစုပြီး ရွှေဘုံသာအထက်လမ်းက ဘုရားဖူးကားဋ္ဌာန ၁ခု
(နာမည်တော့ မပြောတော့ပါဘူး)ကိုလက်မှတ်သွားဝယ်ခဲ့ကြတယ်..။သွားမဲ့မနက်ကျတော့
မြို့ ထဲနဲ့အနီးဆုံးဖြစ်တဲ့ သော့်ရဲ့  လမ်း ၅၀ အိမ်မှာပဲအိပ်လိုက်ကြတယ်..။သော့်ရဲ့ အမတွေ
ဖြစ်တဲ့မမဇော်တို့ကတော့ လိုက်ချင်လိုက်တာမှ တပိုင်းကိုသေနေတာပဲ..။သူတို့ကအဲဒီတုန်းက
စာမေးပွဲရှိလို့လားမသိဘူး မလိုက်နိုင်ကြဘူး..။အဲဒါနဲ့သူတို့ကို တနေ့လုံးနောက်နေကြပြီး
ညရောက်တော့လဲ မနက်ကြရင် ဘယ်လိုဘယ်ရွေ့ ဆိုပြီးငြင်းခုန်နေကြတာနဲ့
မနက်၅နာရီ ထိုးရော..။ကားကမနက်၆နာရီထိုးထွက်မယ်ဆိုတော့ စောစောသွားစောင့်
နေလိုက်ကြတယ်..။သော့်ဖေဖေက သော်တို့အိမ်က စက္ကူထုပ်ပို့တဲ့ ဒိုင်နာကားနဲ့လိုက်ပို့တယ်..။


ရွှေဘုံသာလမ်းထဲလဲရောက်ရော ထုံးစံအတိုင်းကားဂိတ်က ဖွင့်တောင်မဖွင့်သေးဘူး..။
အဲဒါနဲ့ဝေလီဝေလင်းမှာ ၆ယောက်သား ငုတ်တုတ်စောင့်ကြရတာပေါ့..။
အဲဒါနဲ့မနက် ၆နာရီခွဲလောက်မှလူတွေလဲတဖွဲဖွဲရောက်လာကြတယ်..။
မိုးကတော့သူ့ရဲ့ ကျောပိုးအိတ်ကြီးကို မှီပြီးငိုက်နေပြီ..။

အဲဒါနဲ့ ကားရောက်လာတော့ သူ့နှိုးပြီးကားပေါ်တက်ထိုင်ကြတယ်..။
ကားပေါ်ရောက်တော့ လက်မှတ်က ခုံနံပါတ်နဲ့ဆိုတော့ ကျနော်တို့
၆ယောက်က ၂ခုံတွဲ ၃စုံရတယ်..။မိုးနဲ့သော်က
ရှေ့ ဆုံးတန်းကစပြီးနောက်ခုံတွေက ကျနော်ရယ်သက်ရယ်
နောက်ဆုံးခုံက ကျော်ရယ်ထက်ရယ် တူတူထိုင်ကြတယ်..။

ဒီကြားထဲ ထက်ထိုင်မဲ့ခုံပေါ်မှာ ၂ နှစ်လောက်ပဲရှိဦးမဲ့ ကလေးလေး ၁ယောက် ရောက်နေလို့
ထက်ဘုံပြောက်လိုက်သေးတယ်..။ကလေးကပိုင်ရှင်လဲရှာလို့မတွေ့ဘူး..။ကားပေါ်မှာလဲ
လူတွေစုံလို့ထွက်ဖို့တောင်ပြင်နေပြီ..။ကျနော်ကတော့ ထက်ကို နင်ဘယ်တုန်းက
အိမ်ထောင်ကျသွားတာလဲဆိုပြီး စနေလို့ နောင်ဂျိန်ပလေးကြသေးတယ်..။
တအောင့်လောက်ကြာမှအမျိုးသမီး ၁ဦးရောက်လာပြီးတော့ သူ့အထုပ် သူရှင်းသွားလို့
ပြသာနာကပြီးသွားတယ်..။သူကရန်တို့ခုံနောက်က ခုံကအမျိုးသမီးပါ..။
ကားရောက်တာနဲ့ အထုပ်ရော ကလေးရော ကားပေါ်တင်ပြီး အဲဒီလမ်းထိပ်က
မုန့်ဟင်းခါးသွားစားနေတာတဲ့..။

ခရီးစဉ်တလျှောက်လုံးမှာ မိုးနဲ့သော်ကတော့တခူးခူး ကိုအိပ်နေကြတာ သူခိုးတက်နင်းလို့
သေတဲ့ ကင်းသမားကတောင်သူတို့ထက် နိုးနိုးကြားကြားရှိဦးမယ်..။လမ်းတလျှောက်လုံး
အိပ်လိုက်လာကြတာ ပဲခူးရောက်လို့မနက်စာစားဖို့ ကားရပ်တော့မှပဲ နိုးကြတော့တယ်..။

စားသောက်ပြီးလို့ကားပေါ်တက်ခါနီးကြတော့ မိုးထက် က ထက်ကို နင့်ကလေးအတွက်
ပါဆယ်မထုပ်သွားဘူးလားဆိုလို့ ထက်ရဲ့ မနက်ခင်း မေတ္တာပို့သံကို ကြားနေရသေးတယ်..။

ဒီလိုနဲ့ပဲ မွန်ပြည်နယ် ကျိုက်ထိုမြို့ ထဲကိုဝင်လာပါရော..။
ကင်မွန်းစခန်းထဲလဲရောက်ရော..ကားက ကားဝင်းထဲမှာရပ်ပြီးသကာလ
ကျနော်တို့လဲ အထုပ်တွေချ ပြီးနေ့ခင်းစာအရင်စားဖို့ ထမင်းဆိုင်
(ကောင်းမွန်လားရသာမွန်လား)မမှတ်မိတော့ဘူး၊ ၀င်ထိုင်ကြတယ်..။

ဆိုင်ကကောင်မလေး ကသနပ်ခါးအဖွေးသားနဲ့အကိုတို့အမတို့ ဘာနဲ့စားမလဲတဲ့..
ထက် ကထမင်းနဲ့တဲ့ မိုးထက် က ဇွန်းနဲ့တဲ့..။သက်က အမကိုတော့လက်ဆေးရေ
အရင်ပေးတဲ့ရစ်လိုက်တာ ကောင်မလေးလဲ ကြောင်သွားတယ်..။
ပြီးတော့မှ မိုးနဲ့သော်က ရီပြီးတော့ဘာဟင်းတွေရလဲညီမလေးဆိုတော့ မှ
ကြက်၊၀က်၊ဆိတ်ကလီစာ၊ ဆိုပြီးရှိတဲ့ဟင်းတွေကို
တရပ်စပ်ရွတ်ပြတယ်..။ရန်ကုန်မှာတုံးက ကျနော်ဦးလေးတယောက်က ကျနော်တို့ကို
တောရောက်ရင်ရန်ကုန်မှာမရှိတဲ့ ဟင်းတွေကိုစား လို့ပြောထားတာ သတိရပြီး
ကျနော်က ကျန်တဲ့၂ကောင်ကို ထူးထူးခြားခြားဟင်းစားရအောင်လို့ အဖေါ်ညှိလိုက်တယ်..။
ဟိုကောင်တွေကလဲ တယောက်လုပ်ရင်အကုန်လိုက်လုပ်ကြတာဆိုတော့ သိပ်သဘောမတူ
ရှာဘူး..။အဲဒါနဲ့ စားပွဲထိုးကောင်မလေးကို ညီမလေး ထူးထူးခြားခြားဟင်းဘာရလဲ ဆိုတော့
ကောင်မလေးလဲ ရုတ်တရက်ကြီးကြောင်သွားတယ်..။


ပြီးတော့မှရန်ကုန်မှာမရတဲ့ ဟင်းတွေပြောဆိုတော့မှဂျီသား ၊ဖားသား၊လိပ်သား ရှိတယ်တဲ့..။
အဲဒါနဲ့ဟို၃ကောင်အတွက်တော့ သူတို့ကြိုက်တာ မှာခိုင်းပြီးတော့ ကျနော်တို့
ယောက်င်္ကျားလေး ၃ယောက် ကတော့ခုနက ဟင်းတွေ မှာလိုက်တယ်..။
အဲဒါတောင်မိုးထက်ကလှမ်းပြောလိုက်သေးတယ်..
ညီမရေ..လိပ်သားကိုအမွှေးတွေမပါစေနဲ့နော်တဲ့..။ရစ်လိုက်သေးတယ်..။

စားသောက်ပြီးလို့ ပိုက်ဆံရှင်းကြတော့ ထုံးစံအတိုင်းကျနော်တို့စားတာကို
ဟို၃ယောက်ကိုရှင်းခိုင်းပြီးသူတို့စားတာကို ကျနော်တို့က ရှင်းကြတယ်..။
ကံကောင်းချင်တော့ ကျနော်တို့စားတဲ့ဟင်းတွေက ဈေးကြီးနေတော့
ဟို ၃ယောက်မျက်နှာ စူပုပ်ပုပ်နဲ့ပဲ ရှင်းပေးလိုက်ရတယ်..။

လမ်းတလျှောက်လုံး ပျော်ပျော်ရွှင်ရွှင်ပဲ ၆ယောက်တက်ခဲ့ကြပြီး ရေမြောင်ကြီးမှာ
ညအိပ်လိုက်ကြတယ်..။နောက်နေ့မနက် ဝေလီဝေလင်းကြတော့ မီးဒုတ်တွေ
ကိုယ်စီနဲ့စမ်းတ၀ါးဝါးတက်လိုက်ကြတာ မနက် မိုးသောက်အလင်းရောက်မှပဲ
လမ်းမှာတွေ့သမျှ ဆိုင်တွေက တွေ့သမျှအစာတွေကိုစားတော့တာပဲ...။
အဲဒီထဲမှာကျနော်တို့ အကြိုက်ဆုံးက မနက်စောစော အငွေ့တထောင်းထောင်း
ထနေတဲ့ ဘူးသီးကြော်ရယ် ရေနွေးကြမ်းပူပူရယ်ကိုပဲ..သော်နဲ့မိုးနဲ့ဆိုတယောက်ကို
၂ပန်းကန်လောက်ကိုစားလိုက်ကြတာ..အချဉ်ရည်ကလဲ ပဲမှုန့်လေးတွေနဲ့ဆိုတော့
ရန်ကုန်က ဆိုးဆေးအချဉ်ရည်တွေ ထက်ကိုပိုစားဖြစ်တယ်..။အဲဒီလိုနဲ့တက်ရင်း
စားရင်သွားလိုက်ကြတာ..ဘုရားပေါ်ကို မနက် ၁၁.၃၀ လောက်မှာရောက်သွားကြ
တယ်..။အရင်ဆုံး ရန်ကုန်ထဲက Booking လုပ်ထားတဲ့ ကျိုက်ထို Hotel က
ဘန်ဂလိုတဲအိမ် လေးတွေမှာပဲ အထုပ်အပိုးတွေ ၀င်ချပြီး ခဏတဖြုတ်နားကြတယ်..။

ပြီးတာနဲ့ ၆ယောက်သားဘုရားရင်ပြင်တော်ပေါ်ကို တက်ပြီးအရင်ဆုံးဘုရားဖူးကြတယ်..။
နေ့ခင်းဘက်ဆိုပေမဲ့ နေ အဲဒီလောက်မပူပဲ ရင်ပြင်တော်ပေါ်မှာ ခေါင်းလောင်းသံ
တချွင်ချွင်နဲ့ အေးချမ်းနေတယ်..။ဘုရားလဲရှိခိုးပြီးရော ကျနော်တို့နေ့ခင်းထမင်းစားဖို့
မုဆိုးတောင်စေတီသွားတဲ့လမ်းက ထမင်းဆိုင်တွေဘက် ထွက်လာရင်းနဲ့ အဲဒီ
လမ်းတလျှောက်က ဆိုင်တန်းလေးတွေမှာလဲ ၀င်ပြီးဟိုငေးဒီငေးလုပ်လိုက်
ကြသေးတယ်..။

အဲဒီလိုနဲ့ နောက်နေ့တွေမှာ မနက်စောစောထပြီး ဘုရားဆွမ်းတော်ကပ် ရွှေသင်္ကန်း
ကပ် အလှူငွေထည့်ကြတယ်..။နောက်တနေ့ကြတော့ ဘုရားအနီးအနားတ၀ိုက်က
ကျီးကန်းပါးစပ်၊ကျောက်ထပ်ကြီး၊မုဆိုးတောင်၊ရသေ့တောင် အစုံရှောက်သွား
လိုက်သေးတယ်..။

စကားမစပ် အဲဒီ ကျီကန်းပါးစပ်သွားတဲ့လမ်းမှာနဲ့တူတယ်..ထူးဆန်းသောသတ္တ၀ါဆို
ပြီးပြနေလို့ တယောက် ၁၀ ပေးပြီးဝင်ကြည့်လိုက်ကြသေးတယ်..။ကြက်တူရွေးနှုတ်သီး
ဘာခေါင်း ညာတောင်ပံ ဘာမျက်လုံးပေါ့ဗျာ..။တကယ်တော့ လိပ်တမျိုးပါပဲ.။
အပျင်းပြေ၀င်ကြည့်လိုက်သေးတယ်..။အဲဒီလမ်းမှာပဲ သူရသာတီမယ်တော် ရုပ်
လားမသိဘူးရှိလို့ မိဘတွေက စာမေးပွဲအတွက်ဆုတောင်းခဲ့ကြ ဆိုလို့ဝင်လိုက်
သေးတယ်..။ဒါတောင် ကျနော်တို့ ယောက်င်္ကျားလေး ၃ယောက်က စွန်တောင်တို့
ဝိဇ္ဖာတောင်တို့ ဘက်သွားချင်သေးတာ..ဟို ၃ယောက်က ခြေနာလို့ ဒူးကိုက်လို့နဲ့
ခိုညီးသလို ငြီးပြနေကြလို့ နောက်တနေ့ ကြတော့ ရသေ့တောင် ပဲသွားပြီးဘုရား
ပေါ်မှာပဲနေလိုက်ကြတယ်..။ရသေ့တောင် ဘက်သွားပြီးပြန်ဆင်းလာတဲ့ အချိန်ကြတော့
နေ့ခင်း ၁နာရီထိုးနေပြီဆိုတော့ အဲဒီတောင်ခြေ ကားစခန်းက ထမင်းဆိုင်လေးတွေမှာ
ပဲ ထမင်းဝင်စားလိုက်ကြတယ်..။ဟာ..အဲဒီမှာ ပင်ပန်းလွန်းလို့လား ထမင်းမြိန်လို့လား
တော့မသိဘူး..အရေသောက်ချပေးတဲ့ ပဲကုလားဟင်းကကောင်းလိုက်တာဗျာ..
၆ယောက်သားစားလိုက်ကြတာ အစားနဲတဲ့ သော်တောင်မှ ၂ပန်းကန်ကုန်တယ်..
မှာထားတဲ့ ဟင်း၆ခွက်တောင် ဟုတ်တိပတ်တိ မစားဖြစ်ဘူး..။ပဲကုလားဟင်းက
၂ခါလောက် လဲပြီးနေပြီ..။အဲဒီပဲကုလားဟင်းကိုလုနေကြလို့ ဆိုင်ရှင်ဦးလေးကြီး
ကတောင် ဇလုံကြီးနဲ့ထပ်ခပ်လာပေးရတယ်..။ပဲဟင်းဖိုးနဲ့တင်မွဲပြီတဲ့..။အဲဒီ တညနေလုံး
တော့ ဟိုတယ်မှာပဲ ပြန်နားကြပြီး ဟိုတယ်က ခုံတန်းလျားလေးမှာပဲ ညနေ နေ၀င်တာကို
ကြည့်ပြီး လက်ဘက်သုတ် ၁ပွဲ ရေနွေး၁အိုးနဲ့ ၆ယောက်သား ကုန်ဆုံးခဲ့တယ်..။
ညဘက်ကြတော့ ထမင်းတခေါက် ထွက်စားကြပြီး တညလုံးဈေးဆိုင်တန်းလေး
တွေမှာပဲ အချိန်ဖြုန်းလိုက်ကြတယ်..။


ကျနော်တို့ ၃ညအိပ်ပြီးနောက်နေ့မနက်စောစောမှာတော့ ရင်ပြင်တော်ပေါ်ကို
စောစောတက်ပြီး ဆွမ်းတော်ကပ်ကြတယ်..။လမ်းမှာစားဖို့ ဓါတ်ပုံဆိုင်နားက
ကောက်ညင်းပေါင်းတို့ ဆီထမင်းတို့ ကိုဝယ်ပြီး နောက် ကျနော်တို့လဲ ဟိုတယ်
ကိုပြန်လာကြပြီး အထမ်းသမားနဲ့အတူတူ ကျိုက်ထီးရိုးဘုရား ကနေထွက်ခွာ
လာခဲ့ကြပါတော့တယ်..။လမ်းတလျှောက်လုံးအဆင်းပိုင်းဆိုတော့ ပြေးဆင်း
လာလိုက်ကြတာ လမ်းမှာတွေ့တဲ့ဆိုင်တွေမှာလဲ ကြာကြာမနားနိုင်ပဲဆင်းခဲ့ကြတယ်
ကားက နေ့ခင်း၁နာရီထွက်မယ်လို့ လက်မှတ်ပေါ်မှာရေးထားတာကိုး..။
အဲဒီလိုနဲ့မနက် ၁၁.၃၀လောက်မှာ ကင်ပွန်းစခန်းကိုပြန်ရောက်ကြပါတယ်..။
ထမင်းစားသောက်ပြီး ယိုတွေဘာတွေဝယ်ခြမ်းပြီ ကားဝင်းနားသွားတော့
မောင်မင်းကြီးသား ကားကပျက်နေပါသတဲ့..။
နောက်ကားတွေမရှိဘူးလားဆိုတော့လဲ ခု ၂နာရီ ရန်ကုန်က ကားဝင်လာမှပဲ
ရမယ်တဲ့..။အဲဒါနဲ့ပဲ ကင်မွန်းစခန်းမှာပဲ ၁နာရီလောက်သောင်တင်နေလိုက်သေးတယ်..။
နောက်မှရန်ကုန်က ကားဝင်လာပြီဆိုတော့မှ အဲဒီကားကြီးနဲ့တူတူ ကျိုက်ထိုမြို့ နယ်
ကင်မွန်းစခန်းကနေ ပြန်လည်ထွက်ခွာလာခဲ့ပါတယ်..။အပြန်ကျရင်ဝင်ပို့ပေးမယ်ဆိုတဲ့
မှဲ့ရှင်တော်ဘုရားတောင် ကားသမားတွေက ပြန်ဝင်ချိန်နောက်ကျမှာ စိုးလို့ ဆိုပြီး
မပို့ပေးတော့ပါဘူး..။

တလမ်းလုံး ၆ယောက်သား တူတူထိုင်ရအောင်ဆိုပြီး နောက်ဆုံးခုံမှာ သောင်းကျန်း
ပြီးလာလိုက်တာ စစ်တောင်းတံတားနား ရောက်ခါနီးကြတော့ ကိုရွှေကား ကလိပ်ကြီး
လိုနှေးလာပြီး ထိုးရပ်ပြန်လေရော..။ထပ်ပျက်ပြန်ပြီတဲ့..အဲဒါနဲ့အောက် ခဏဆင်းနေကြပြီး
ခဏကြာတော့ ကိုရွှေစပယ်ယာက ကားထပ်ပြောင်းစီးကြပါ ဆိုလို့ နောက်ကားပေါ်ထပ်တက်
ရပြန်ရော..နောက်လာတဲ့ကားကြီးက ဘီအမ်ဟီးနိုးကြီး ကျနော်တို့မှာ
အဲယားကွန်းလေအိတ်ကားကနေ ဘီအမ်ကြီးပြောင်းစီးကြရပြန်ရော..။

အဲဒါနဲ့ရန်ကုန်ပြန်ဝင်တော့ ည၈နာရီကျော် တော်တော်မှောင်နေပြီ..။အဲဒါနဲ့
စော်ဘွားကြီးကုန်း ကားဂိတ်နားမှာကားကိုရပ်ပြီး ခရီးသည်များ ခရီးစဉ်ပြီးဆုံးပါပြီ
လုပ်ရော..။ကျနော်တို့လဲ လက်မှတ်ပေါ်မှာ စထွက်တဲ့စုရပ် ရွှေဘုံသာလမ်းကို
ပြန်ပို့ပါမယ်လို့ ရေးထားတော့ နဲနဲတော့ ပေါက်လာတာပေါ့..။တချို့  ခရီးသည်တွေ
ကတော့ Taxi တွေဘာတွေငှားကုန်ကြပြီ..။ကားပေါ်မှာပါလာတဲ့ မိသားစု ၂စုက
ဦးလေးကြီးတယောက်ကတော့ ကျနော်တို့လိုပဲ မြို့ ထဲအထိ ပို့ရမှာပေါ့လို့ ပြောတယ်..။

ကျနော်တို့ လဲဒရိုင်ဘာကို သွားပြောတော့ `ဒရိုင်ဘာက ငါတော့ဒီအထိပဲ ပို့နိုင်တယ်'
လို့ ပြောပြီး အောက်ဆင်းသွားတယ်..။ကျနော်တို့လဲ တော်တော်ဒေါသထွက်သွားတယ်..။
ကျော်ဆိုလိုက်ပို့ မလားမပို့ဘူးလားဆိုပြီးလက်သီးတွေဘာတွေပြင်နေပြီ..။မိုးထက်နဲ့ကျနော်
ကလဲ လမ်းဘေးက ခဲကောက်ပြီးထုဖို့ လုပ်နေပြီ..။ဟိုဦးလေးကြီးကတော့ ကျနော်တို့ကို
တားပြီး စပယ်ယာကိုခေါ်ပြီးတော့ မင်းတို့ အလုပ်ရှင်ကိုခေါ်ဆိုပြီး ပြောတော့မှ
စပယ်ယာလဲ လန့်ပြီးတော့ ကျနော်တို့ကို ပြေပြေလည်လည်လုပ်ပါ ညီလေးတို့ရာ
ဆိုပြီး ဖြစ်သွားတယ်..။ဒရိုင်ဘာကတော့ မြင်တောင်မမြင်ရတော့ဘူး..။

အဲဒါနဲ့စပယ်ယာက အနားမှာရှိတဲ့ Public ဖုန်းကနေ ရွှေဘုံသာလမ်း ကသူ့ပိုင်ရှင်ကို
ခေါ်တယ်..။အဲဒီတော့မှ အဲဒီကနေ ကားတစ်စီးထပ်ရောက်လာပြီး ကျနော်တို့ကို တင်ခေါ်
သွားတယ်..။ကျနော်တို့လဲ စပယ်ယာကိုပါတင်ခေါ်လာပြီး ရွှေဘုံသာလမ်းရောက်မှ
သူ့ပိုင်ရှင်နဲ့ပြောတော့မှ မောင်မင်းကြီးသားတွေက စော်ဘွားကြီးကုန်း အရက်ဆိုင်မှာ
အရက်သောက်ဖို့ ချိန်းထားလို့ ပါဆိုပြီးပေါ်လာတယ်..ဆိုင်ရှင်လဲ ကျနော်တို့ရော..
ဟိုဦးလေးကြီးမိသားစုရော တောင်းပန်စကားပြောရတော့တယ်..။ကျနော်တို့ လဲ
သော်တာအိမ်ပြန်ရောက်တော့ ၁၀နာရီတောင်ခွဲနေပြီ..။



စာကြွင်း..ဘုရားပုံတော်အား www.dhammaweb.net မှကူးယူရရှိပါသည်..။






1 comment:

နွေးနေခြည် said...

ဖတ်ရင်းလွမ်းမောသွားတယ်... ၂၀၀၀ ခုနှစ်က ၉ တန်ဆိုတော့ ရွယ်တူတွေဖြစ်မယ်ထင်တယ်း)